ဖက်ဒရယ်နိုင်ငံအချို့ရဲ့ ဘဏ္ဍာရေးကော်မရှင်များ
ဖက်ဒရယ်စနစ်မှာ အနည်းဆုံးအစိုးရနှစ်ရပ်ရှိတဲ့အလျောက် ဘဏ္ဍာငွေခွဲဝေခြင်းလုပ်ငန်းစဉ်တွေ၊ အခွန်ကောက်ခံတဲ့လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းတွေနဲ့ပတ်သတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးတဲ့ ကိစ္စရပ်တွေမှာ သဘောမတူညီနိုင်မှုတွေနဲ့ မပြီးပြတ်ဖြစ်တတ်ပါတယ်။ (zero-sum)လို့ဆိုနိုင်တဲ့ တစ်ဖက်က အမြတ်ရရှိနေချိန် တစ်ဖက်ကို နစ်နာစေတဲ့ အခြေအနေတွေကြောင့်ပဲ အဲ့ဒီလို ဘဏ္ဍာငွေခွဲဝေခြင်းလုပ်ငန်းစဉ်တွေမှာ အစိုးရ နှစ်ဖက်အကြား ညှိနှိုင်းဆွေးနွေးရာမှာ အခက်အခဲဖြစ်စေတာပဲဖြစ်ပါတယ်။
မြင်သာအောင်ပြောရမယ်ဆိုရင်တော့ ဘဏ္ဍာငွေခွဲဝေခြင်းလုပ်ငန်းစဉ်တွေ၊ အခွန်ကောက်ခံတဲ့လုပ်ပိုင်ခွင့်အာဏာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သဘောတူညီချက်ပြုလုပ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ့သဘောတူညီတွေဟာ ရေရှည်လိုက်ရောညီထွေမှုမရှိဘဲ ဖြစ်နေတတ်ပါတယ်။ ဥပမာ - ရေနံ အများအပြားထွက်မယ်ဟု ယူဆချက်နဲ့ သဘောတူညီမှုပြုလုပ်ခဲ့ရင် အဆိုပါရေနံမှ ဘဏ္ဍာငွေကြေး ပုံမှန်အတိုင်းရနေသရွေ့ သဘောတူညီချက်ဟာ တည်တံ့နေပါလိမ့်မယ်။ ဒါပေမယ့် ရေနံထွက်ရှိမှု လျော့နည်းကျဆင်းတဲ့အခြေအနေတွေ ဒါမှမဟုတ် ရေနံစျေးနှုန်း အဆမတန်ကျဆင်းတဲ့အချိန်တွေမှာ ဘဏ္ဍာရေးအကျပ်အတည်းပေါ်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရအလွယ်တကူ ထွက်ပေါက်မရှိပဲ ဖြစ်နိုင်ပါတယ်။
ဆိုတော့ ဖက်ဒရယ်စနစ်မှာ အစိုးရအရပ်ရပ်ဟာ ဒီလိုပြဿနာတွေကို ဘယ်လိုဖြေရှင်းနေကြသလဲ။
ဖြေရှင်းချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံမှာပါတဲ့ ဘဏ္ဍာရေးအစီအစဉ်တွေကို ပြောင်းလွယ်ပြင်လွယ်ရှိစေဖို့ အတိုင်းအတာတစ်ခုအထိ စံမံပေးထားတာပဲဖြစ်ပါတယ်။
ဥပမာ- အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (အပိုဒ် ၂၈၀ ) အရ ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းထားပြီး ငါးနှစ်တစ်ကြိမ်ခန့်အပ်လျက် ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရအကြား အချို့သော အခွန်ဘဏ္ဍာခွဲဝေရေးကိစ္စတွေနဲ့ စပ်လျဉ်းပြီး အကြံပေးစေတာပဲဖြစ်ပါတယ်။
ဒီလိုပဲ ပါကစ္စတန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၀ မှာလည်း ဖက်ဒရယ်အဆင့်နဲ့ ပြည်နယ်အဆင့် ဘဏ္ဍာရေးဝန်ကြီးတွေပါဝင်တဲ့ အလားတူ အမျိုးသားဘဏ္ဍာရေးကော်မရှင် ထားရှိပါတယ်။အဲ့ဒီလိုအစီအမံတွေထားရှိမှသာ ဆွေးနွေးညှိနှိုင်းမှုရလဒ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ပြဌာန်းမထားပဲ ရံဖန်ရံခါ ပြန်လည်ဆွေးနွေးညှိနှိုင်းစေနိုင်မှာ ဖြစ်ပါတယ်။
Comments