top of page

ဖက်ဒရယ်မိတ်ဆက် (Epi - 2)



ဖက်ဒရယ်မိတ်ဆက်


အပိုင်း(၂)


ဖက်ဒရယ်စနစ်တွင်တွေ့ရလေ့ရှိသော ယေဘုယျအခြေခံလက္ခဏာရပ်များ


ကမ္ဘာ့နိုင်ငံအချို့တွင် တူညီတဲ့ ဖက်ဒရယ်စနစ်ကိုပဲ ကျင့်သုံးကြပေမယ့် သက်ဆိုင်ရာနိုင်ငံရဲ့ မူလအခြေအနေတွေပေါ်မူတည်ပြီး ခြားနာကြပါသေးတယ်။ ဒီလိုခြားနားမှုတွေ ရှိပေမယ့် ဖက်ဒရယ်နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ ယေဘုယျ ဘုံတူညီတဲ့လက္ခဏာတွေကို ဒီ ဖက်ဒရယ်မိတ်ဆက် ဆောင်းပါးအပိုင်းဆက်(၂) မှာ ဖော်ပြပေးသွားမှာပါ။


ကျွန်တော်တို့ဟာ အစိုးရစနစ်တစ်ခုကို ဖက်ဒရယ်ကျင့်သုံးတဲ့နိုင်ငံလို့ အကြမ်းဖျင်း ကောက်ချက်ချမှတ်ယူနိုင်ဖို့ ဖက်ဒရယ်နိုင်ငံများတွင် တွေ့ရလေ့ရှိတဲ့ ယေဘုယျအခြေခံလက္ခဏာရပ်များကို ကျွန်တော်တို့ကြည့်လိုက်ကြရအောင်။


(၁) ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံအများစုမှာ အစိုးရနှစ်ရပ် အနည်းဆုံးထားရှိပါတယ်။ အစိုးရတိုင်းကို ပြည်သူမှတိုက်ရိုက် ရွေးချယ်တင်မြှောက်နိုင်တဲ့ အခင်းအကျင်းရှိပြီးတော့ တစ်နိုင်ငံလုံးကို လွှမ်းခြုံသက်ဆိုင်တဲ့ အစိုးရနဲ့ ပြည်နယ်(ဒါမှမဟုတ်) ယူနစ်များနှင့် သက်ဆိုင်သော အစိုးရတွေပဲ ဖြစ်ပါတယ်။


(၂) ဖက်ဒရယ်စနစ်ကျင့်သုံး​သောနိုင်ငံအများစုမှာ သက်ဆိုင်ရာနိုင်ငံအလိုက် ပြဌာန်းရေးဆွဲထားကြတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေရဲ့ အစိတ်အပိုင်းအချို့ကို ဗဟိုအစိုးရတစ်ရပ်တည်းက ပြင်ဆင်ခွင့် မပြုထားပါဘူး။ အဲ့ဒါအပြင် ဗဟိုအစိုးရအနေနဲ့ ပြည်နယ်တွေအပေါ်တိုက်ရိုက်သက်ဆိုင်တဲ့ ပြင်ဆင်မှုများပြုလုပ်တဲ့အခါမှတွေမှာလည်း ပြည်နယ်တွေရဲ့ သဘောတူညီမှုရှိမှသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


(၃) ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ နိုင်ငံအများစုတွေရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အစိုးရနှစ်ရပ်ရဲ့လက်ထဲမှာ ဘဏ္ဍာရေးအပါအဝင် ဥပဒေပြုရေးအာဏာတွေကို တရားဝင်စနစ်တကျ ခွဲအပ်ထားပါတယ်။ အဲ့ဒီ့နည်းလမ်းနဲ့ အစိုးရတစ်ရပ်ချင်းစီရဲ့ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရဟုခေါ်ဆိုနိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စံနှုန်းကို အကောင်အထည်ဖော်ပါတယ်။ ဒါပေမယ့်လည်း လုပ်ပိုင်ခွင့်အာဏာ ပေးအပ်မှု အတိုင်းအတာနှင့် လုပ်ပိုင်ခွင့်အာဏာသတ်မှတ်ပုံ နည်းလမ်းတို့မှာတော့ ဖက်ဒရယ်နိုင်ငံတစ်ခုနဲ့တစ်ခု ကြီးမားစွာကွာခြားချက်များရှိပါတယ်။


(၄) ဖက်ဒရယ်စနစ် ကျင့်သုံးသောနိုင်ငံအများစုမှာ အဲ့ဒီနိုင်ငံတွင်းရှိ ပြည်နယ်ငယ်တွေကို လူဦးရေအလိုက်ရသင့်သော ရပိုင်ခွင့်များထက် ပိုသောရပိုင်ခွင့်များကိုပေးအပ်ထားပါတယ်။ ဥပမာအားဖြင့် ပြည်ထောင်စုအဆင့်ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များမှာ ပြည်နယ်များ၏ ကိုယ်စားပြုမှုမျိုးပါဝင်နိုင်ရန် အထက်လွှတ်တော်ကဲ့သို့သော အစီအမံများထားရှိကြတာကိုတွေ့ရမှာဖြစ်ပါတယ်။


(၅) ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများတွင် အစိုးရအဆင့်များစွာ ရှိတာကြောင့် အဲ့ဒီ့အစိုးရအဆင့်တွေအကြား အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုမျိုး ဖြစ်ပေါ်လာတဲ့အခါ အပြီးသတ်အဆုံးဖြတ်ယန္တရားများအနေနဲ့ ခုံသမာဓိအဖွဲ့အစည်းများ ၊ တရားရုံးများ စတာတွေကို ဖွဲ့စည်းတာဝန်ပေးထားပါတယ်။


အပေါ်ကဖော်ပြချက်တွေမှာ ဖက်ဒရယ်နိုင်ငံအများစုရဲ့ ယေဘုယျအခြေခံ လက္ခဏာများသာဖြစ်ပြီးတော့ သက်ဆိုင်ရာပကတိမြေပြင်အနေအထားပေါ်မူတည်ကာ ကြီးစွာသောခြားနားချက်များရှိကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၄၀ရာခိုင်နှုန်းကျော် နေထိုင်သော နိုင်ငံပေါင်း ၂၈ နိုင်ငံဝန်းကျင်မှာ ဖက်ဒရယ်စနစ်ကိုလက်ရှိကျင့်သုံးနေသည်လို့ ယေဘုယျ ယူဆနိုင်ပြီး နိုင်ငံအားလုံးမှာ ဖက်ဒရယ်စနစ်ရဲ့ သတ်မှတ်ချက်အားလုံးကိုတော့ ကိုက်ညီခြင်းမရှိပါဘူး။ တစ်ချို့နိုင်ငံများတွင် တစ်ပြည်ထောင်စနစ် အသွင်ဆောင်ကာ ဗဟိုအစိုးရရဲ့ လွှမ်းမိုးမှုအရမ်းများသော အနေအထားများရှိကာ အားနည်းသောဖက်ဒရယ်အဖြစ်လည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စာဖတ်သူတို့အနေနဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ယေဘုယျအခြေခံလက္ခဏာများကို နှိုင်းယှဉ်လေ့လာသုံးသပ်ပြီး တိုးတက်လာတဲ့ နိုင်ငံရေးအသိပညာ၊ ဗဟုသုတများကို အသုံးချ၍ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page