top of page

Historical Thinking and its importance



ကိုယ်သိထားတဲ့ သမိုင်းတစ်ခုက အမှားတစ်ခုလို့ ကြားသိလိုက်ရတဲ့အခါ………..


Historical Thinking ဆိုတာ သမိုင်းတစ်ခု ၊အဖြစ်အပျက်တစ်ခုကို လေ့လာတဲ့ခါ နာမည်၊ နေ့ရက်၊ ရက်စွဲ စတဲ့အချက်အလက်တွေထက် အကျိုးအကြောင်းဆက်စပ်မှု၊ အဲ့အချိန်အခါမှာရှိတဲ့ ဒေသတစ်ခုရဲ့

လူမှုပတ်ဝန်းကျင်၊ ဒီအကြောင်းကို ရေးသားခဲ့တဲ့အချိန်နဲ့၊ ဘယ်သူတွေကရေးခဲ့တာလဲ၊ ဘာလို့ ဒီလို

အကြောင်းအရာတွေ ဖြစ်ပေါ်ခဲ့တာလဲ စတဲ့ရှုထောင့်မျိုးစုံမှ ရရှိလာတဲ့သက်သေအထောက်အထားတွေနဲ့

ချိန်ထိုးပြီး သမိုင်းတစ်ခုကို လေ့လာသုံးသပ်ခြင်းဖြစ်ပါတယ်။


ဒီလိုမျိုး Historical Thinking တွေက လူငယ်တွေကြား ဘာကြောင့်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေလဲ။


ကျွန်တော်တို့ ငယ်ငယ်တည်းက သမိုင်းတွေကို စာသင်ကျောင်းတွေမှာ လေ့လာခဲ့ရတယ်။ ပညာရေးစနစ်ရဲ့ရိုက်ခတ်မှုကြောင့် မေးခွန်းမေးဖို့၊ ဖတ်စာအုပ်ထဲကအကြောင်းအရာထက် ချဲ့ထွင်ပြီးတွေးနိုင်ဖို့ထက်အချက်အလက်တွေကို ကျက်မှတ်တာကို ဦးစားပေးခဲ့တာ အားလုံးအသိဖြစ်မယ်ထင်ပါတယ်။


တစ်ခါတစ်ရံ ဖတ်စာအုပ်တစ်ခု၊ သင်ရိုးတစ်ခု၊ စာအုပ်တစ်အုပ်မှာရှိတဲ့ စာရေးသူရဲ့အာဘော်၊တစ်ယောက်တည်းရဲ့ အမြင်တစ်ခုတည်းကို ကွက်လေ့လာပြီး ဖြစ်ရပ်တစ်ခုကို ကောက်ချက်ချတဲ့အခါ မှားယွင်းမှုတွေ ဖြစ်လာနိုင်တယ်။


အကျိုးဆက်က ကိုယ်က သမိုင်းအမှားတစ်ခုကို မှန်တယ်လို့ ယူဆလိုက်တဲ့အခါ နောက်ထပ် မတူညီတဲ့ ရှုထောင့်တစ်ခုကလာတဲ့ အတွေးတစ်ခု၊ ကိစ္စတစ်ခုကို ကျွန်တော်တို့ လက်မခံနိုင်တဲ့ အနေအထားမျိုး၊ ကိုယ်တောက်လျှောက်သိခဲ့တာ မှန်တယ်ဆိုတဲ့အတွေးမျိုးက မသိမသာဖုံးလွှမ်းနေတတ်တယ်။


ဒီအချက်ကပဲ ကျွန်တော်တို့သိထားတာ မှန်လား။ မှားလား။ နောက်ထပ် ဘယ်လိုအကြောင်းအရာတွေ

ထပ်ရှိနေဦးမလဲ စတဲ့ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ အတွေးအခေါ်တွေ တဖြည်းဖြည်းအားနည်း

လာတယ်။ သူများပြောတာကို အလွယ်ယုံလာတယ်။ သူတစ်ပါးက အလွယ်တကူ ကိုယ်ရဲ့အတွေးတွေပေါ် လွှမ်းမိုးလာနိုင်တယ်။


ဒါလိုတွေ မဖြစ်ဖို့ ကျွန်တော်တို့ Historical Thinking ကို နားလည်ဖို့လိုအပ်တယ်။ လူငယ်တိုင်း သမိုင်းတစ်ခုကို စတင်လေ့လာတဲ့အခါ ဖြစ်ရပ်တစ်ခုနဲ့တစ်ခု အကျိုးသက်ရောက်မှု၊ ဆက်နွယ်မှု၊ တိုက်ဆိုင်မှုကြောင့်လား။ခိုင်မာတဲ့ သက်သေအထောက်အထားတစ်ခုရှိနေတာလား။ ဒါတွေကိုကနဦးလေ့လာဖို့ အရေးကြီးတယ်။


သမိုင်းတွေရဲ့ အချိန်တစ်ခုပေါ် ဆင့်ကဲပြောင်းလဲလာမှု၊ ဒီပြောင်းလဲမှုက လူနေမှုစရိုက်တွေကို ဘယ်လို

သက်ရောက်နေလဲ၊ ကိုယ်သိထားတဲ့ သမိုင်းတစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိရဲ့လား၊ ဒီလို သက်သေအထောက်အထားတွေကို လေ့လာသုံးသပ်ဖို့ ဦးစားပေးသင့်တယ်။


စာသင်ကျောင်းတွေမှာပဲ ဖြစ်ဖြစ်၊ စာအုပ်တစ်အုပ်ဖတ်ပြီးတဲ့အချိန်တိုင်း ဒီဖြစ်ရပ်တစ်ခု၊ သမိုင်းတစ်ခုက ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။ တခြားတစ်ခုရောမဖြစ်နိုင်ဘူးလား။ ဒီလို မေးခွန်းတွေကို မေးရမယ်။

ရူထောင့်မျိုးစုံက လိုအပ်တဲ့သတင်းအချက်အလက်တွေကို လေ့လာသုံးသပ်ဖို့တွက် အားပေးရမယ်။


ဒါမှ လူတစ်စု၊ စာသင်ကျောင်းထဲက သင်ခန်းစာတစ်ခု၊ ကိုယ်ဖတ်လိုက်တဲ့ စာအုပ်တစ်အုပ်၊ Radio က ထုတ်လွှင့်လိုက်တဲ့ သတင်းတစ်ပုဒ်နဲ့ ကျွန်တော်တို့လူတွေရဲ့ အတွေးအခေါ်၊ ကျွန်တော်တို့ရဲ့ သမိုင်းတစ်ခု

ကို ကလက်ကာချပြီး အမှောင်ဖုံးလို့မရမှာ၊ "မေးခွန်းမထုတ်ရစနစ်" ကို အပြီးသတ်တိုက်ဖျက်နိုင်မှာ၊

ဒီမိုကရေစီဆန်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခု၊ စနစ်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။


ဒါကြောင့်မို့ လူငယ်တိုင်း တစ်ဖက်ပိတ်အတွေးအမြင်တွေကို အပြီးသတ်တွန်းလှန်ဖို့ Historical Thinking

ကို အချိန်မနှောင်းခင် ချဉ်းကပ်လေ့လာထားသင့်ပါတယ်။


31 views0 comments

Recent Posts

See All

Commentaires


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page