top of page

Life Long Learning (Epi - 2)



ဘဝတစ်သက်တာသင်ယူမှု


အပိုင်း(၂)


အချိန်မရွေးဖန်တီးနိုင်တဲ့ ထာဝရပညာရေးအဆောက်အအုံရဲ့ အရေးပါပုံ


အရင်တစ်ပတ်ကတော့ ဘဝတစ်သက်တာပညာသင်ယူမှုရဲ့ အဓိပ္ပာယ်ကို အသေးစိတ်ပြောပြခဲ့ပြီးပြီဖြစ်ပါတယ်။


အားလုံးကလည်း ဘဝတစ်သက်တာပညာသင်ယူမှု ဆောင်းပိုင်းအပိုင်း(၁) ကို ဖတ်ပြီးတဲ့အချိန်မှာ “ဒီဟာက ဘယ်လောက်အရေးပါလို့လဲ။” “ဘာအတွက်ကြောင့် ဘဝတစ်လျှောက်သင်ယူနေဖို့လိုသလဲ” စတဲ့မေးခွန်းတွေ ခေါင်းထဲမှာ ရှိနေမှာ အသေအချာပဲဖြစ်ပါတယ်။ဒီမေးခွန်းလေးတွေရဲ့ ယေဘုယျအဖြေလေးတွေကိုတော့ ဒီနေ့မှာဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။


ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းဟာ ၎င်းတို့၏ သက်ဆိုင်ရာလူ့အဖွဲ့အစည်းများအတွက် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးစတဲ့ ကဏ္ဍအသီးသီးမှာ လူသားရင်းမြစ်(Human Capital)ကို အဓိကထား ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နေကြပါတယ်။


ဒါ့ကြောင့် လူတဦးချင်းစီက ထုတ်လုပ်နိုင်စွမ်း၊ လူ့အဖွဲ့အစည်း အပေါ်အကျိုးပြုနိုင်စွမ်း တိုးတက်ဖို့အတွက် ကျွမ်းကျင်မှုတွေ အဆက်မပြတ် ဖြည့်ဆည်း ပေးရပါတယ်။


ကျွန်တော်တို့အနေနဲ့ မိမိနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် အခင်းအကျင်းများကို မျက်ခြေမပြတ် သတိပြုမိကာ သမိုင်းမှာ တူညီတဲ့အမှားတွေကို နောက်ထပ်မမှားအောင်၊ တစ်ထောင့်တစ်နေရာမှ ထိရောက်တဲ့ မူဝါဒအကြံများပေးနိုင်အောင် နိုင်ငံရေးသိပ္ပံ၊နိုင်ငံတကာဆက်ဆံရေး၊သမိုင်း အစရှိသော လူမှုသိပ္ပံဘာသာရပ်များကို မိမိတို့လူ့အဖွဲ့အစည်းအတွက် ဘဝတစ်လျှောက် လေ့လာဆည်းပူးနေရမှာပဲဖြစ်ပါတယ်။


နိုင်ငံရဲ့စီးပွားရေးစနစ် တခုလုံးအတွက်လည်း ပြောင်းလဲလာတဲ့ နည်းပညာတွေကို ဘဝတစ်သက်တာ ပညာသင်ယူပြီး အမီလိုက်ဖို့လည်း အဆက်မပြတ်လေ့လာနေဖို့ လိုအပ်ပါတယ်။


ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန်းစစ်ခြင်း ထို့မှတစ်ဆင့် ထိန်းသိမ်းကာကွယ်ခြင်းစတဲ့ ပညာရပ်များဟာလည်း လူ့အဖွဲ့အစည်းအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှုများရှိနေတာမို့ မဖြစ်မနေ သင်ယူဖို့လိုအပ်တဲ့ အသိပညာ၊အတတ်ပညာ၊ဘာသာရပ်များပဲဖြစ်ပါတယ်။


ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပညာ ပိုင်းဆိုင်ရာ နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေသောဘဝတစ်လျှောက် လေ့လာရမယ့် အသိပညာ၊အတတ်ပညာများနှင့် သက်ဆိုင်ရာ ဘာသာရပ်များကို ဖော်ပြရပါက ရေး၍ပင် ကုန်နိုင်မည်မဟုတ်ပါ။


အရေးအကြီးဆုံးအနေနဲ့ အားလုံးသိထားရမှာက “လေ့လာသင်ယူခြင်း အတတ်” Learning how to learn ဖြစ်သည်။ ၎င်းကိုတတ်လျှင် သင်ယူစရာ မကုန်သော လောကကြီးတွင် မိမိလိုအပ်သော တတ်၊သိ ပညာကို ဘဝတစ်လျှောက်လုံး လေ့လာသင်ယူ အသုံးချနိုင်ပြီး အချိန်မရွေး ထာဝရပညာရေးအဆောက်အအုံကြီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။


ဒါ့ကြောင့် ဒီလိုအရေးပါလှတဲ့ လူသားအရင်းအမြစ်တွေ မဆုံးရှုံးဖို့ တိုင်းပြည်တိုးတက်ရေး၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် လူတစ်ဦးတစ်ယောက်ချင်းစီက စဉ်ဆက်မပြတ်လေ့လာသင်ယူနေဖို့လိုသလို လူ့အဖွဲ့အစည်းတစ်ခုလုံး၊ ပညာရေးအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေကလည်း တစ်သက်တာစဉ်ဆက်မပြတ်သင်ယူမှုကို အားပေးပံ့ပိုးဖို့လည်း အင်မတန်မှ အရေးကြီးပါတယ်။


ဒါ့အပြင်လတ်တလောကာလ နိုင်ငံတကာမှ ပညာသင်ယူခွင့် ဆုံးရှုံးရသူ ကလေးတွေဟာ သူတို့ ဘဝ တသက်တာမှာ လစာဝင်ငွေ သုံးရာခိုင်နှုန်းအထိ လျော့နည်းသွားဖွယ် ရှိတယ်လို့ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (Organisation for Economic Co-operation and Development ) ရဲ့ (၂၀၂၀)ထုတ် အစီရင်ခံစာရှိသုတေသနတွေ့ရှိချက်တွေက ဆိုထားပါသေးတယ်။နိုင်ငံတွေအသီးသီး အနေနဲ့လည်း ရာစုနှစ် တလျောက်လုံး အခုလိုသင်ယူလေ့လာမှု ဆုံးရှုံးမှု အတွက် တိုင်းပြည် GDP ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းသွားဖွယ်ရှိတယ်လို့ သုံးသပ်ခန့်မှန်းကြတာတွေလည်း ရှိနေပါတယ်။


မြန်မာနိုင်ငံလို နိုင်ငံတကာ စံသတ်မှတ်ချက်တွေအရ ပညာရေးအဆင့်အတန်း နိမ့်ကျပြီး ပညာရေး အသုံးစရိတ်ကို တိုင်းပြည်GDP ရဲ့ နှစ်ရာခိုင်နှုန်းလောက်ပဲ သုံးစွဲနိုင်ခဲ့တဲ့နိုင်ငံ အနေနဲ့ ပညာသင်ယူခွင့်ဆုံးရှံးခြင်းကြောင့် ရလာမယ့်အကျိုးဆက်တွေဟာ မတွေးဝံ့စရာပဲဖြစ်ပါတယ်။ဒါကြောင့် ပညာသင်ယူခွင့်လည်း အဆက်မပြတ်စေဘဲ စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုကိုလည်း တစ်ပြိုင်တည်း ပါဝင်နိုင်မယ့် အစဉ်အလာမဟုတ်တဲ့ ပညာရေးစနစ်တွေကို အားကိုးရမှာပဲဖြစ်ပါတယ်။


တစ်ချိန်တည်းမှာပဲ ပြည်သူများအနေနဲ့ နိုင်ငံရေးဘောင်ကို ကျော်ပြီး ပညာရေးကို အာရုံစိုက်တာ မဟုတ်ပဲ အဆက်မပြတ် ဘဝတစ်လျှောက် အရေးပါတဲ့ ပညာရပ်များဆည်းပူးကာ ဘုံရန်သူစစ်အာဏာရှင်ရဲ့ ထောက်တိုင်များကို ရိုက်ချိုးကြရမှာဖြစ်ပါတယ်။


ဒါ့ကြောင့် ပညာရေးအခွင့်အလမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် မဖန်တီးပေးနိုင်သေးတဲ့ လက်ရှိကာလမှာ ဘဝတစ်သက်တာ သင်ယူခြင်းရဲ့ အရေးပါပုံတွေကို သိရှိပြီး အချိန်မရွေး ထာဝရပညာရေးအဆောက်အအုံတည်ဆောက်ခွင့်ရှိကြောင်းကို နားလည်သဘောပေါက်စေရန် ဆွေးနွေးတင်ပြခဲ့တာပဲဖြစ်ပါတယ်။


နောက်တစ်ပတ်မှာလည်း မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ ဘဝတစ်သက်တာသင်ယူမှုအနေနဲ့ သမရိုးကျမဟုတ်တဲ့ ပညာရှာဖွေသင်ယူမှုနည်းလမ်းတွေနဲ့ ပညာရပ်များကို ဘယ်လိုနည်းနဲ့ စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနိုင်မလဲဆိုတာကို ဆွေးနွေးတင်ပြသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးဖို့တိုက်တွန်းအကြံပြုလိုက်ရပါတယ်။



156 views0 comments

Recent Posts

See All

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page