top of page

Sunset Clause



ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက Sunset clause ဆိုတဲ့ ယာယီအစီအမံတစ်ရပ်ကို သင်သိပါသလား။


အရိုးရှင်းဆုံးပြောရမယ်ဆိုရင် Sunset Clause ဆိုတာကတော့ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုရောက်တာနဲ့ အလိုအလျောက်သက်တမ်းကုန် ပျက်ပယ်သွားမယ့် ယာယီဖွဲ့စည်းပုံဆိုင်ရာ ပြဌာန်းချက်တစ်ခုပဲဖြစ်ပါတယ်။


သတ်တမ်းကုန်ဆုံးမယ့် နေ့ရက်အတိအကျသတ်မှတ်ထားတဲ့ ပြဌာန်းချက်ဖြစ်ပြီး အဆိုပါ ပြဌာန်းချက်ကို ပြဌာန်းပေးဖို့တောင်းဆိုသူဟာလည်း ရေတိုအကျိုးစီးပွါး နှင့် စိတ်ကျေနပ်မှုကိုရရှိရစေမှာဖြစ်ပြီး အတိုက်အခံတွေအနေနဲ့လည်း ယာယီသဘောတူညီမှုသာ ပေးရမှာပဲ ဖြစ်ပါတယ်။ အကျိုးစီးပွါးကွဲလွဲမှုများနေတဲ့ ပါဝင်ပတ်သတ်သူတွေအကြား ထည့်သွင်းစဉ်းစားစရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံတစ်ခုပဲဖြစ်ပါတယ်။


များသောအားဖြင့် ဒီလိုပြဌာန်းချက်တွေကို ရှေ့မတိုးနောက်မဆုတ်သာ ကြီးမားတဲ့ဖွဲ့စည်းပုံဆိုင်ရာ နိုင်ငံရေးတစ်ဆို့မှုဖြစ်စဉ်တွေ ကြုံတွေ့ရတဲ့အခါမှာ ပြဌာန်းလေ့ရှိကြပါတယ်။


မြင်သာတဲ့ ဥပမာတစ်ခုကို ပြရမယ် ဆိုရင်တော့ ပေါ်တူဂီနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစနစ်ကို ချောချောမွေ့မွေ့အသွင်ပြောင်းစေဖို့ဆိုပြီး ၁၉၇၆ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ Sunset clause တစ်ခုပြဌာန်းကာ စစ်တပ်ကို ယာယီအခန်းကဏ္ဍတစ်ခုပေးခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။


၁၉၇၄ ခုနှစ် အာဏာရှင် Estado Novo အစိုးရကိုဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှုပြီးတဲ့နောက် ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ကို ရေးဆွဲပြဌာန်းဖို့ ဖွဲ့စည်းပုံအခြေခဲဥပဒေ ညီလာခံတစ်ခုကို ရွှေးကောက်ခဲ့ကြပါတယ်။ အခြေခံဥပဒေမူကြမ်းရေးဆွဲသူတွေကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ကြီးကြပ်စေနိုင်ရန်ဆိုပြီး စစ်တပ်ကိုယ်စားလှယ်အများစုပါဝင်တဲ့ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းစေပြီး ယာယာအစီအမံအနေနဲ့ အာဏာထိန်းကျောင်းစေပါတယ်။ ပြီးတော့ အဆိုပါကောင်စီအား “ဒီမိုကရက်တစ်အင်စတီးကျူးရှင်းတွေကောင်းစွာလည်ပတ်စေရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ဆောင်နိုင်ရေး ၊ ၁၉၇၄ ခုနှစ် ပေါ်တူဂီတော်လှန်ရေးရဲ့ အနှစ်သာရ ရည်မှန်းချက်များကို မသွေဖယ်ပဲ မှန်ကန်ထင်ဟပ်စေရေး” စတဲ့ အချက်တွေကို အာမခံသူအဖြစ် ထမ်းဆောင်စေပါတယ်။ (ပေါ်တူဂီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၂ )


ဒါ့မပြင် တော်လှန်ရေးကောင်စီအား ဖွဲ့စည်းပုံအခြေခံဥပဒေကောင်းစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေတွေပြဌာန်းဟန် လွှတ်တော်အား ညွှန်ကြားနိုင်တဲ့ အခွင့်အလမ်းပေးအပ်ထားပါသေးတယ်။ အရေးအကြီးဆုံး သတိထားစရာတစ်ချက်အနေနဲ့ တော်လှန်ရေးကောင်စီသည် မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို မဆို ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Sunset clause ဟာ အထက်မှာပြောခဲ့သလို ယာယီအစီအမှတ်တစ်ခုပဲဖြစ်တဲ့အလျောက် အဆိုပါ ဗီတိုအာဏာကို ပထမလွှတ်တော်သတ်တမ်းရဲ့ ပထမလေးနှစ်တာကာလမှာပဲ ဆောင်ရွက်ခွင့်ပေးထားတာပဲဖြစ်ပါတယ်။ ဒီလို ယာယီအစီအမံကျင့်သုံးပြီး ပေါ်တူဂီနိုင်ငံဟာ ၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်မှာ တော်လှန်ရေးကောင်စီကို ဖျက်သိမ်းနိုင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးနဲ့ အရပ်သားအကြံပေးအဖွဲ့တို့ကို အစားထိုးနိုင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံရေး တစ်ဆို့မှုအကျပ်အတည်းတွေကို အကောင်းမွန်ဆုံး ဖြေရှင်းနိုင်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။


အထက်မှာဖော်ပြခဲ့တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဆိုင်ရာ အကြောင်းအရာတစ်ချို့အပေါ် အကျိုးစီးပွါးအရ ပါဝင်ပတ်သတ်သူများပြားခြင်းကြောင့် ၊ သဘောထားမတူညီ ကွဲလွဲမှုများကြောင့် နိုင်ငံရေးဆိုင်ရာ ရှေ့မတိုးနောက်မဆုတ် တစ်ဆို့မှုအကျပ်အတည်းများကို ဖြေရှင်းနိုင်သော အခြေခံဥပဒေဆိုင်ရာ ယာယီပြဌာန်းချက် အစီအမံတစ်ရပ် Sunset Clause ကိုဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။


မြန်မာနိုင်ငံသည်လည်း လတ်တလောမှု အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကာလ ဖြစ်တာနဲ့အညီ နိုင်ငံရေးအုတ်မြစ်အသစ်ချမှတ်ဖို့ အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံတစ်ရပ်ရေးဆွဲပြဌာန်းဖို့ ကဏ္ဍပေါင်းစုံမှ ပြည်သူအားလုံးက ကျယ်လောင်စွာ တောင်းဆို ဟစ်ကြွေးနေကြပါတယ်။ ဒါကြောင့် မြန်မာ့အနာဂတ် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းရေးလုပ်ငန်းစဉ်မှာ အထောင်အပံ့ကောင်းဖြစ်စေရန် ဒီဆောင်းပါးလေးက်ုဖော်ပြလိုက်ရပါတယ်။


တစ်ဆက်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကြောင်းအရာများ ၊ ဖက်ဒရယ်ရေးရာပညာရပ်များကို စိတ်ဝင်စားလို့သင်ကြားလိုသူတွေအတွက် နွေဦးတက္ကသိုလ်ရဲ့ School of Federalism and Peace Studies မှ မကြာခင်မှာဖွင့်လှစ်တော့မယ့် Constitutional Federalismအတန်းလေးကို တက်ရောက် လျှောက်ထားနိုင်သေးကြောင်း သတင်းကောင်းပါးပါရစေ။


သင်တန်းအကြောင်းအရာအသေးစိတ်ကို အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။




24 views0 comments

Recent Posts

See All

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page