top of page

ရှေ့ဆက်မယ့်လမ်း

Updated: Dec 12, 2022



ရှေ့ဆက်မယ့်လမ်း


လင်းပျပျ

ရှိလာရတော့မယ့်

နံနက်ခင်းအလှ

ခြယ်သဖို့ ရောင်စဉ်ရွေး

တွေးမျှော်လို့နေခိုက်

မဲ မိုက် မှောင် စုတ်ချက်

ရက်ရက်စက်စက်

အကွက်ချပတ်သွန်း

သူတို့ ……

သူတို့ ဖျက်ဆီးခဲ့ကြပေါ့


ည ……

နေစားခြင်းခံလိုက်ရတဲ့ည

အမှောင်တိုက်က

လိုက်ကာချလွှမ်းဖုံး

မှုန်ပျပျလမ်းလေးတောင်

ဝါး ဝေ့ ဝေ ဝဲ


တစ်စ …….တစ်စ

နက်အထက်ညဉ့်ယံသို့

ရောက်စေဖို့ပို့ခဲ့

အဲ့ဒီညတွေ ……


“တုံ” “တုံ” “တုံ”

“ဒေါင်” “ဒေါင်” “ဒေါင်”

လက်သံပြောင် ရိုက်ချက်

ဘဝဂ်ညံ မြည်သံလင်္ကာဖွဲ့

ရှစ်နာရီ ညတို့ရဲ့

အဲ့ဒါ

တိုက်ပွဲခေါ်သံ အစပေါ့ ……


သုံးချောင်းထောင်

လက်တွေမြောက်

ကိုယ်ရောင် မဖျောက်ဘဲ

ရဲရဲရှေ့တက် တိုက်ပွဲဝင်

သမိုင်းရက်စွဲမှာ

ထင်ကျန်ခဲ့ရှာပေါ့ ……


ငါတို့ ……

ငါတို့သူငယ်ချင်းတွေရဲ့

ရဲရဲတောက်ဖွင့်ဟချက်

“ကျွန်တော်တို့က လူငယ်တွေပါ

လူငယ်တွေမှာ အနာဂတ်ရှိတယ်” တဲ့

ရင်နှင့်အမျှ ခံစားမိပေါ့ ……


ငါတို့ ……

ငါတို့သူငယ်ချင်းတွေရဲ့

သွေးကြွေးကိုပေးဆပ်မယ့်

မျိုးဆက်သစ်

ပြည်သူစစ်တွေမို့

ပကတိ အရှိတရား ဆုပ်ကိုင်ထားပြီး

ဒါ ကြမ်းမယ့်ခရီး

ပန်းမယ့်ခရီးကိုသိ

ရွေးဖောက်လမ်းထုတ်

လျှောက်ခဲ့တယ်

ပေးဆပ်မှုများစွာနဲ့ပေါ့ ……


ငါတို့ရဲ့

သွေး ….. အသက် ……

အနာဂတ်အတွက်စတေး

“သွေးသစ္စာ” သံစဉ်ကလေးနဲ့

စွဲထင်စေမယ့် ပုံရိပ်တွေ ……


သမိုင်းစာမျက်နှာအစစ်

ပေးဆပ်မှုအသစ်တွေ

ဖောက်ကျူးထားလျက်ပေါ့ ……

ကိုယ်တိုင်တွေးအမြင်

ကိုယ်တိုင်ရေးပြီး

ခြယ်သတဲ့ ပုံရိပ်စစ်

သီကျူးတဲ့ သံစဉ်

အားအင်အပြည့်နဲ့ပေါ့ …..


ဖောက်ခဲ့တဲ့လမ်းအထက်

အလင်းသစ်မယ့်

မနက်ဖြန်ဆီသို့

ဆက်လက်လျှောက်လှမ်းလျက် ……။


Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page