top of page

အခန်းထဲမှာ



“အခန်းထဲမှာ”


အခန်းထဲမှာ အကျဉ်းသား/အချုပ်သား (၁၀၆)ဦး ရှိတယ်။ အဲ့ဒီအခန်းထဲမှာ ဒီလူဦးရေကို ထိန်းချုပ်တဲ့ အခန်းသူကြီးတစ်ယောက်ရှိတယ်။ သူကြီးက သဘောထားကောင်းတယ်၊ စည်းကမ်းအရမ်းမတင်းကြပ်ဘူး။ ဒါပေမယ့် သူဟာ ပြင်ပလောကနဲ့ ကင်းကွာနေတာ နှစ်ပေါင်း (၂၀) ကျော်ပြီမလို့ ရံဖန်ရံခါ သူ့အပြုအမူတွေက ငါတို့လိုလူတွေအတွက် အရမ်းကြောင်တယ်လို့ထင်ရတယ်။ ဥပမာ- မြန်မာသံစဉ်သီချင်းတွေကို အကျယ်ကြီးဖွင့်နားထောင်တတ်တာ၊ ဇူးဇူးစံ၊ ဝင့်စန္ဒာဗိုလ်၊ မေသက်ထားဆွေတို့က သူ့အကြိုက်တွေပဲ။ သူကြီးက ကြောင်ကိုလဲ အတော်ခင်တွယ်ရှာတယ်။ (အင်း….. ကြောင်တွေကို သိပ်ချစ်တတ်တဲ့ အဲ့ဒီကောင်မလေးကို သတိရမိ)

အခန်းထဲမှာအိမ်သာ (၂) လုံးရှိတယ်။ အခန်းထဲမှာ ဂေါ်လီထည့်ပေးတဲ့ အရှည်ကြီးရှိတယ်။ အခန်းထဲမှာ ဘဝတွေရှိတယ်။ အခန်းထဲမှာ ကဗျာတွေကိုချစ်တဲ့ လူငယ်တစ်ယောက်ရှိတယ်။ အဲ့ဒီလူငယ်ဟာ သူ့ချစ်သူမဟုတ်တဲ့ တခြားတစ်ယောက်ကို စွဲလမ်းနေမိကြောင်း ငါ့ကိုဝန်ခံတယ်။ သူနှစ်ကာလရှည်ကြာစွာ တွဲခဲ့တဲ့လူကို ဘာလို့တွဲခဲ့မိပါလိမ့်တဲ့။ ဒီလူငယ်ဟာ သူချစ်တဲ့ကောင်မလေးကို “မိန်းမပျိုလေး” ဆိုတဲ့ နာမ်စားသုံးတယ်။ အခန်းထဲမှာ ဘယာတွေရှိတယ်။ မူးယစ်ဘယာတွေ၊ လူသတ်ဘယာတွေ၊ သူခိုးဘယာတွေ၊ စစ်စည်း/ရဲစည်းဘယာတွေ။ အခန်းထဲမှာ သံခြေကျင်းနဲ့ ဒေါက်နဲ့ အခတ်ခံထားရတဲ့ အကိုတစ်ယောက်ရှိတယ်။ သူအပြစ်ဒဏ်ပေးခံရခြင်းအကြောင်းအရင်းက ရုံးထွက်/ ရုံးပြန်မှာ ဆေးရွက်ကြီးသယ်ခဲ့မိလို့။ အခန်းထဲမှာ ဘယ်သူနဲ့မှ ကောင်းကောင်းမွန်မွန် ပေါင်းသင်းလို့မရတဲ့ လူ့အထီးကျန်တစ်ယောက်ရှိတယ်။ အခန်းထဲမှာ စုံညီတဲ့ဘာသာရေးတွေ ရှိသေးတယ်။ အခန်းထဲမှာ ငါတို့တစ်ဆောင်လုံးရဲ့ ရေစက်တွေကိုဦးစီးတဲ့ ဘုတ်ကိုင် (၂)ယောက်ရှိတယ်။ တစ်ယောက်နဲ့ငါက ခင်မင်ပေမယ့် တစ်ယောက်ကတော့ ခပ်တန်းတန်းပါပဲ။ ငါခင်တဲ့တစ်ယောက်က ငါ့ဘေးမှာအိပ်တယ်။ သူ့ဘဝအကြောင်းပုံပြင်တွေကို နားထောင်ရတဲ့အခါ ငါ့မှာနားထောင်ရုံသက်သက်နေရတယ်။ အခန်းထဲမှာ စာကြည့်ဘုတ်ကိုင်ရှိတယ်။ ငါတို့ရဲ့ထောင်ဝင်စာလေးတွေလာရင် အဲ့ဒီစာကြည့်တိုက်သမားကို ငါတို့ကပေးကျွေးရတယ်။ ဒါဟာအလိုက်တသိပေးခြင်းပါပဲ။ ဒါမှသာ တစ်ပတ်တစ်ပတ်ကို ဖတ်စရာစာအုပ်တွေရမှာမလား။ အခန်းထဲမှာ နေရာမျိုးစုံကလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ တချို့ကဘာမှန်းမသိ၊ တချို့ကညာမှန်းမသိ။ ဒါပေမယ့် ငါတို့ဟာစည်းလုံးကြတယ်။ အခန်းထဲမှာ ဘေးတန်းမရတဲ့လူတွေရှိတယ်။ ပန်ကာမရှိတဲ့ အခန်းအလယ်ခေါင်မှာ သူတို့အိပ်ရတယ်။ အခန်းထဲမှာ မညီမျှတဲ့အခွင့်အရေးနဲ့ ရှင်သန်နေကြသူတွေရှိတယ်။ အခန်းထဲမှာ ယောက္ခမရော မိန်းမကိုရော အပိုင်ချုပ်ထားတဲ့သူရှိတယ်။ အခန်းထဲမှာ ကိုယ့်ချစ်သူကိုယ်သတ်ခဲ့ပြီး အတိတ်မှာပဲ အပိတ်လှောင်ခံနေရတဲ့ ဖြစ်တည်မှုတစ်ခုရှိတယ်။ အခန်းထဲမှာ ကိုကာကိုလာ၊ ကြယ်ပြာလေးနဲ့ ဝေးတဲ့နောက် ကံ့ကော်ပန်း၊ ထီး၊ နွားနို့၊ Facebook၊ ထူးအိမ်သင်ရဲ့ကဗျာ၊ ရွှန်းရွှန်းရဲ့ အသံလွင်လွင်၊ မမြတ်သက်ရဲ့အပြုံး၊ အမေ့ဆူပူသံ (ဆုပန်သံ) ကျော်အောင်ဂန္တဝင် ၁၀၊ ဓာတ်ဆီရနံ့၊ ရည်းစားဦးအရိပ်၊ ရင်းနှီးသောမျက်နှာများ၊ လရောင်၏ဖြာကျမှု၊ ကြယ်ကြွေမှုပုံရိပ်၊ လွတ်လပ်သောအိပ်မက်၊ အပြာရောင်ကျောပြင်၊ မကြည်အေးလေး၊ ကြည်ပြာများ(နီကိုရဲ၊ မေဝင်းမောင်၊ ဇော်ဇော်အောင်)၊ အဓိပတိလမ်း၊ အင်းလျားကန်၊ Ramen ခေါက်ဆွဲ ဘာဆိုဘာမှမရှိပါ။ အခန်းထဲမှာ ရေတမာလေးရှိသည်။ သို့သော် စာအိတ်ထဲတွင် ကျွန်တော့်ဘယ်ရင်အုံတွင်သာနေ၏။ ။


Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page